ဓမ္မပဒအဖော်မွန် - ၉
မြတ်ဗုဒ္ဓ၏ ဓမ္မပဒ
၉။ ပါပဝဂ္ဂ၊ မကောင်းမှု
မြန်မြန် ဆောင်၊ မြန်မြန် ရှောင်
( ဓ- ၁၁၆ )
ကုသိုလ်ကောင်းမှုအစုစုကို
(အချိန်မဆွဲဘဲ)
လျင်လျင်မြန်မြန် ပြုလုပ်သင့်ပါတယ်။
ကုသိုလ်ကောင်းမှုကို
ဖြည်းဖြည်းနှေးနှေး
တွန့်ဆုတ် တွန့်ဆုတ် လုပ်နေမယ်ဆိုရင်
(မကောင်းမှုဘက် ပါသွားနိုင်ပြီး)
စိတ်ဟာ မကောင်းမှုမှာ ပျော်မွေ့တတ်လို့ပါပဲ။
မကောင်းမှု အကုသိုလ် မဖြစ်အောင်
စိတ်ကို (သတိ၊ပညာ နဲ့)
တားမြစ်သင့်ပါတယ်။
မကောင်းမှုများလေ - ဆင်းရဲလေ
( ဓ- ၁၁၇ )
မကောင်းမှုအကုသိုလ်ကို
(တစ်ကြိမ်တစ်ခါ မလိမ္မာလို့)
ပြုလုပ်မိသူဟာ
ထပ်ခါထပ်ခါ ဆက်မလုပ်သင့်ပါဘူး။
မကောင်းမှုအကုသိုလ် ပြုလုပ်ချင်တဲ့
ဆန္ဒဆိုးကိုလည်း မဖြစ်စေသင့်ပါဘူး။
မကောင်းမှုတွေ တိုးပွားလာတာဟာ
ဆင်းရဲခြင်းရဲ့ အကြောင်းရင်းဖြစ်လို့ပါပဲ။
ကောင်းမှုများလေ - ချမ်းသာလေ
( ဓ- ၁၁၈ )
ကောင်းမှုကုသိုလ်ကို ပြုလုပ်အားထုတ်သူဟာ
ထပ်ခါထပ်ခါ ဆက်လုပ်သင့်ပါတယ်။
(စိတ်အစဉ်ကို ကြည်လင်စေတတ်)
ကုသိုလ်မြတ် ပြုလုပ်ချင်တဲ့ ဆန္ဒမွန်ကိုလည်း
ဖြစ်စေသင့်ပါတယ်။
ကောင်းမှုတွေ တိုးပွားလာတာဟာ
ချမ်းသာခြင်းရဲ့ အကြောင်းရင်းဖြစ်လို့ပါပဲ။
အခွင့်သင့်ချိန်
( ဓ- ၁၁၉ )
မကောင်းတာလုပ်သူပေမယ့်လည်း
ဒီအကုသိုလ်ကံ ဆိုးကျိုးပေးချိန်မတန်သေးခင်မှာ-
အကောင်းတွေကို တွေ့ကြုံနေရပါသေးတယ်။
ဒီအကုသိုလ်ကံ ဆိုးကျိုးပေးချိန်တန်တဲ့အခါ -
မကောင်းတာလုပ်သူဟာ
မကောင်းကျိုးတွေကို
တွေ့ကြုံရပါတော့တယ်။
အခွင့်သာချိန်
( ဓ- ၁၂၀ )
ကောင်းတာလုပ်သူပေမယ့်လည်း
ဒီကုသိုလ်ကံ ကောင်းကျိုးပေးချိန်မတန်သေးခင်မှာ-
အဆိုးတွေကို တွေ့ကြုံနေရပါသေးတယ်။
ဒီကုသိုလ်ကံ ကောင်းကျိုးပေးချိန်တန်တဲ့အခါ -
ကောင်းတာလုပ်သူဟာ
ကောင်းကျိုးတွေကို
တွေ့ကြုံရပါတော့တယ်။
အကုသိုလ် စုဘူး
( ဓ- ၁၂၁ )
မကောင်းမှုအကုသိုလ်ကို
နည်းနည်းလေးပဲ၊ ကိုယ့်ဆီ ပြန်လာမှာ မဟုတ်ပါဘူးလို့ အထင်မသေးသင့်ပါဘူး။
ရေစက်ရေပေါက်လေးတွေ ကျရောက်ပါများတဲ့အခါ
ရေအိုးကြီး ပြည့်သွားသလို -
လူမိုက်ဟာ
မကောင်းမှုကို နည်းနည်းစီ ထပ်ခါထပ်ခါ
ဆည်းပူး စုပေါင်းပါများတဲ့အခါ
မကောင်းမှုအကုသိုလ်နဲ့ ပြည့်လာပါတော့တယ်။
ဖြည့် မှ ပြည့်
( ဓ- ၁၂၂ )
ကောင်းမှုကုသိုလ်ကို
နည်းနည်းလေးပဲ၊ ကိုယ့်ဆီ ပြန်လာမှာ မဟုတ်ပါဘူးလို့ အထင်မသေးသင့်ပါဘူး။
ရေစက်ရေပေါက်လေးတွေ ကျရောက်ပါများတဲ့အခါ
ရေအိုးကြီး ပြည့်သွားသလို -
ပညာရှိဟာ
ကောင်းမှုကို နည်းနည်းစီ ထပ်ခါထပ်ခါ
ဆည်းပူး စုပေါင်းပါများတဲ့အခါ
ကောင်းမှုကုသိုလ်နဲ့ ပြည့်လာပါတော့တယ်။
မကောင်းမှုရှောင်၊ မလောင်ခင်တား
( ဓ- ၁၂၃ )
အဖော်နည်းပြီး ပစ္စည်းဥစ္စာများတဲ့ ကုန်သည်ဟာ
ဘေးရန်ရှိတဲ့ ခရီးလမ်းကို
ရှောင်ကြဉ်ပါတယ်။
အသက်ရှင်ချင်သူဟာ အဆိပ်ကို ရှောင်ကြဉ်ပါတယ်။
ဒီလိုပါပဲ - ပညာရှိဟာ
သေးငယ်နည်းပါးတဲ့ မကောင်းမှုကိုလည်း ရှောင်ကြဉ်ပါတယ်။
စေတနာမပါ ကံမမြောက်
( ဓ- ၁၂၄ )
လက်မှာ အနာမရှိရင်၊
အနာမရှိတဲ့လက်နဲ့ အဆိပ်ကိုင်ပေမယ့်၊
အနာကင်းစင် လက်ဝါးပြင်ကို
အဆိပ်မတက်နိုင်သလို -
မကောင်းမှုအကုသိုလ် ပြုလုပ်ချင်တဲ့
စေတနာဆိုးမရှိရင်
အကုသိုလ်မဖြစ်၊ အပြစ်မရှိ။
ပြန်လာမယ့် ဒဏ်ရာတွေ
( ဓ- ၁၂၅ )
လှူဒါန်းပူဇော်ကိုးကွယ်ထိုက်သူ၊
စင်ကြယ်တဲ့၊
ကိလေသာအညစ်အကြေးမရှိတဲ့၊
မပြစ်မှားသင့်သူကို
လူမိုက်ဟာ ပြစ်မှားပါတယ်။
လေညာကို လွှင့်ပစ်လိုက်တဲ့ မြူမှုန်နုနုတွေဟာ
အဲဒီ လွှင့်ပစ်လိုက်သူဆီကိုပဲ
ပြန်လွင့်ကျလာသလို -
အဲဒီလူမိုက်ဆီကို မကောင်းကျိုးတွေ ပြန်လာပါတယ်။
ငြိမ်းသောမီး
( ဓ- ၁၂၆ )
တစ်ချို့သူတွေဟာ မိခင်ဝမ်းမှာ ဖြစ်ကြပါတယ်။
မကောင်းမှု ပြုသူတွေဟာ ငရဲမှာ ဖြစ်ကြပါတယ်။
ကြည်လင်စိတ်ထား
ကောင်းတဲ့ အလားအလာရှိသူတွေဟာ
နတ်ပြည်သွားရောက်ရပါတယ်။
အာသဝေါကင်းကွာ ရဟန္တာအရှင်မြတ်တွေကတော့
ခန္ဓာဝန်သိမ်း အပြီးတိုင် ငြိမ်းအေးသွားကြပါတယ်။
ဒုက္ခမရောက်ချင်ရင် အကုသိုလ်မလုပ်နဲ့
( ဓ- ၁၂၇ )
ကောင်းကင်မှာ တည်နေလည်း အကုသိုလ်ကံအကျိုးပေးက မလွတ်နိုင်ပါဘူး။
သမုဒ္ဒရာ တည်နေလည်း
အကုသိုလ်ကံအကျိုးပေးက မလွတ်နိုင်ပါဘူး။
တောင်ခေါင်းထဲမှာ ဝင်ခိုအောင်းနေလည်း
အကုသိုလ်ကံအကျိုးပေးက မလွတ်နိုင်ပါဘူး။
ပြုလုပ်ထားခဲ့တဲ့
မကောင်းမှုအကုသိုလ်ကံ အကျိုးပေးကနေ လွတ်မြောက်ရာ အရပ်ဒေသ မရှိပါဘူး။
နိဗ္ဗာန် မှတစ်ပါး အခြားမရှိ
( ဓ- ၁၂၈ )
ကောင်းကင်မှာ တည်နေလည်း
သေခြင်းတရားက မလွတ်နိုင်ပါဘူး။
သမုဒ္ဒရာမှာ တည်နေလည်း
သေခြင်းတရားက မလွတ်နိုင်ပါဘူး။
တောင်ခေါင်းထဲမှာဝင်ခိုအောင်းနေလည်း
သေခြင်းတရားက မလွတ်နိုင်ပါဘူး။
သေခြင်းတရားရဲ့ နှိပ်စက်မှုက
လွတ်မြောက်ရာ အရပ်ဒေသ
မရှိပါဘူး။
အရှင်ဉာဏဝရ(ပါရမီ) ပူဇော်ပါသည်။
၉. ပါပဝဂ္ဂေါ
၁၁၆. စူဠေကသာဋကဝတ္ထု (၁၁၆)
အဘိတ္ထရေထ ကလျာဏေ၊ ပါပါ စိတ္တံ နိဝါရယေ။
ဒန္ဓံ ဟိ ကရောတော ပုညံ၊ ပါပသ္မိံ ရမတီ မနော။
၁၁၇. သေယျသကတ္ထေရဝတ္ထု (၁၁၇)
ပါပဉ္စေ ပုရိသော ကယိရာ၊ န နံ ကယိရာ ပုနပ္ပုနံ။
န တမှိ ဆန္ဒံ ကယိရာထ၊ ဒုက္ခော ပါပဿ ဥစ္စယော။
၁၁၈. လာဇဒေဝဓီတာဝတ္ထု (၁၁၈)
ပုညဉ္စေ ပုရိသော ကယိရာ၊ ကယိရာ နံ ပုနပ္ပုနံ။
တမှိ ဆန္ဒံ ကယိရာထ၊ သုခေါ ပုညဿ ဥစ္စယော။
၁၁၉. အနာထပိဏ္ဍိကသေဋ္ဌိဝတ္ထု (၁၁၉၊ ၁၂ဝ)
ပါပေါပိ ပဿတိ ဘဒြံ၊ ယာဝ ပါပံ န ပစ္စတိ။
ယဒါ စ ပစ္စတိ ပါပံ၊ အထ ပါပေါ ပါပါနိ ပဿတိ။
၁၂၀.
ဘဒြောပိ ပဿတိ ပါပံ၊ ယာဝ ဘဒြံ န ပစ္စတိ။
ယဒါ စ ပစ္စတိ ဘဒြံ၊ အထ ဘဒြော ဘဒြာနိ ပဿတိ။
၁၂၁. အသညတပရိက္ခာရဝတ္ထု (၁၂၁)
မာဝမညေထ ပါပဿ၊ န မန္ဒံ အာဂမိဿတိ။
ဥဒဗိန္ဒုနိပါတေန၊ ဥဒကုမ္ဘောပိ ပူရတိ။
ဗာလော ပူရတိ ပါပဿ၊ ထောကံ ထောကမ္ပိ အာစိနံ။
၁၂၂. ဗိဠာလပါဒကသေဋ္ဌိဝတ္ထု (၁၂၂)
မာဝမညေထ ပုညဿ၊ န မန္ဒံ အာဂမိဿတိ။
ဥဒဗိန္ဒုနိပါတေန၊ ဥဒကုမ္ဘောပိ ပူရတိ။
ဓီရော ပူရတိ ပုညဿ၊ ထောကံ ထောကမ္ပိ အာစိနံ။
၁၂၃. မဟာဓနဝါဏိဇဝတ္ထု (၁၂၃)
ဝါဏိဇောဝ ဘယံ မဂ္ဂံ၊ အပ္ပသတ္ထော မဟဒ္ဓနော။
ဝိသံ ဇီဝိတုကာမောဝ၊ ပါပါနိ ပရိဝဇ္ဇယေ။
၁၂၄. ကုက္ကုဋမိတ္တနေသာဒဝတ္ထု (၁၂၄)
ပါဏိမှိ စေ ဝဏော နာဿ၊ ဟရေယျ ပါဏိနာ ဝိသံ။
နာဗ္ဗဏံ ဝိသမနွေတိ၊ နတ္ထိ ပါပံ အကုဗ္ဗတော။
၁၂၅. ကောကသုနခလုဒ္ဒက (၁၂၅)
ယော အပ္ပဒုဋ္ဌဿ နရဿ ဒုဿတိ၊
သုဒ္ဓဿ ပေါသဿ အနင်္ဂဏဿ။
တမေဝ ဗာလံ ပစ္စေတိ ပါပံ၊
သုခုမော ရဇော ပဋိဝါတံဝ ခိတ္တော။
၁၂၆. မဏိကာရကုလူပကတိဿတ္ထေရ (၁၂၆)
ဂဗ္ဘမေကေ ဥပ္ပဇ္ဇန္တိ၊ နိရယံ ပါပကမ္မိနော။
သဂ္ဂံ သုဂတိနော ယန္တိ၊ ပရိနိဗ္ဗန္တိ အနာသဝါ။
၁၂၇. တယောဇနဝတ္ထု (၁၂၇)
န အန္တလိက္ခေ န သမုဒ္ဒမဇ္ဈေ၊ န ပဗ္ဗတာနံ ဝိဝရံ ပဝိဿ ။
န ဝိဇ္ဇတီ သော ဇဂတိပ္ပဒေသော၊
ယတ္ထဋ္ဌိတော မုစ္စေယျ ပါပကမ္မာ။
၁၂၈. သုပ္ပဗုဒ္ဓသကျဝတ္ထု (၁၂၈)
န အန္တလိက္ခေ န သမုဒ္ဒမဇ္ဈေ၊ န ပဗ္ဗတာနံ ဝိဝရံ ပဝိဿ။
န ဝိဇ္ဇတီ သော ဇဂတိပ္ပဒေသော၊
ယတၳ႒ိတံ နပၸသေဟယ် မစၥဳ။
ပါပဝဂ္ဂေါ နဝမော နိဋ္ဌိတော။
No comments:
Post a Comment